``ဝိသေသအားဖြင့် ကျွန်တော်တို့ ပြည်သူအများစုကြီးက ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း ပြောရရင် တခြားဘာသာတွေကို မလိုမုန်းထား စိတ်နဲ့ ပုတ်ခတ်ခြင်းကင်းစွာနဲ့ ပြောလိုတာကတော့ ဗုဒ္ဓဘာသာဟာ ပင်ကိုယ်အားဖြင့် ကိုးကွယ်မှုဘာသာအဖြစ်သာ မဟုတ်ဘဲ ရှေးယခင်ကပင် ဒီကြီးမြတ်တဲ့ ဘာသာအပေါ်မှာ ဖန်တီးထည့်သွင်းထားတဲ့ မှားယွင်းတဲ့ ဖြည့်စွက်မှုနဲ့ အပိုဆထားတာတွေကို ကျွန်တော်တို့ တူညီဖယ်ရှားလိုက်နိုင်ရင် ကမ္ဘာပေါ်မှာ အကြီးအကျယ်ဆုံး အတွေးအခေါ်ပညာရပ် ဖြစ်လာနိုင်တဲ့ အမှတ်လက္ခဏာများ ရှိနေပါတယ်။ ဒါကြောင့် တပည့်တော်အနေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို အထူးအသနားခံ ပန်ကြားလျှောက်ထားလိုပါတယ်။
သံဃာတော် အရှင်သူမြတ်တို့ဘုရား၊ သံဃာတော်များဟာ ကမ္ဘာပေါ်ရှိ ကြီးမြတ်တဲ့ဘာသာတစ်ခုကို အမွေဆက်ခံသူများ ဖြစ်ပါတယ်။ ဒီသာသနာတော်ကို သန့်ရှင်အောင် သန့်စင်ပြီး မေတ္တာတရားနဲ့ ညီနောင်သားချင်းတော်စပ်မှုဆိုတဲ့ အချိန်မရွေး တည်တံ့မှန်ကန်နေတဲ့ ဓမ္မသတင်းကို လူသားတစ်ရပ်လုံး ထာဝရကြားသိအောင် ဟောပြောဖြန့်ချိပေးတော်မူပါဘုရား။
သံဃာတော် အရှင်သူမြတ်တို့ဘုရား၊ တပည့်တော်တို့သည် မေတ္တာတရားနဲ့ လူသားချင်း ညီနောင်သားချင်း တော်စပ်မှုတရားတို့နဲ့ ပတ်သက်၍ သံဃာတော်တို့ အလေးထားဟောကြားသော ဓမ္မဒေသနာတော်တို့ကို တပည့်တော်တို့ ပြည်သူတွေ ကြားမှာသာမက ဒီကျယ်ပြန့်တဲ့ ကမ္ဘာတစ်ခုလုံးရှိ ပြည်သူများကြားမှာပါ နားကြားသွားရန် အသင့်ရှိပါတယ်ဘုရား။ ဆက်လက်ပြီးတော့လည်း ဒီကိစ္စမှာ တပည့်တော်တို့ဟာ သံဃာတော်များအား အစွမ်းကုန် ထောက်ခံပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီတရားဟာ ကမ္ဘာကြီးကရော တပည့်တော်တို့နိုင်ငံကပါ ဒီကာလမှာ အလွန်တမင်း လိုအပ်နေတဲ့ တရားဖြစ်ပါတယ်ဘုရား။
သံဃာတော် အရှင်သူမြတ်တို့ဘုရား၊ သံဃာတော်များဟာ ကမ္ဘာ့သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေသူများ ဖြစ်ပါတယ်။ အဲဒီတော့ လာမယ့် ခေတ်အဆက်ဆက်မှာ သံဃာတော်များအား ကြည်ညိုလေးစားစွာ ဆည်းကပ်သွားကြမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ သံဃာတော်တို့ရဲ့ သာသနာတော်က တရားဝင်ပေးအပ်တဲ့ မြင့်မြတ်တဲ့ လုပ်ငန်းတာဝန်များ အနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ ဒီလုပ်ငန်းဟာ နိုင်ငံနဲ့ ပြည်သူတွေအတွက် သံဃာတော်များ လုပ်ဆောင်နိုင်တဲ့ အမြင့်မြတ်ဆုံး နိုင်ငံရေးလည်း ဖြစ်ပါတယ်။ တပည့်တော်တို့ ပြည်သူတွင်းသို့ ဆင်းပြီး ညီညွှတ်ခြင်းနဲ့ မေတ္တာထားခြင်း ဓမ္မဒေသနာတော်တို့ကို ဟောကြားပါဘုရား။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံအနှံရောက်အောင် မြင့်မြတ်တဲ့ လွတ်လပ်ရေး ဓမ္မသတင်းကို သယ်ဆောင်ဖြန့်ချိတော်မူပါဘုရား။ လွတ်လပ်စွာ ဘာသာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ နေရာမရွေး အချိန်မရွေး ဓမ္မဒေသနာတော်ကို ဟောပြောဖြန့်ချိခွင့်၊ ကြောက်ရွံ့ခြင်း၊ မသိနားမလည်ခြင်း၊ အယူသည်းခြင်းစသည်တို့မှ လွတ်လပ်ခွင့်၊ ပြည်သူတွေ မိမိတို့ကိုယ်ကိုမိမိတို့ အားကိုးလာအောင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနဲ့ တခြားနယ်ပယ်တို့မှာပါ မိမိတို့ကိုယ်ကိုမိမိတို့ ပြန်လည်တည်ဆောက်လာအောင် လွတ်လပ်စွာ ဟောဖော်ညွှန်ပြ ဆုံးမခွင့်ဆိုတဲ့ လွတ်လပ်ရေးတရားတို့ကို ဆိုလိုပါတယ်ဘုရား။ လျှောက်ထားတဲ့ ဒီတာဝန်တွေသာမက အခြားပိုမိုများပြားတဲ့ မွန်မြတ်တဲ့ လုပ်ငန်းတာဝန်တွေဟာ သံဃာတော်များရဲ့ ရှေ့မှောက်မှာ ရှိပါတယ်ဘုရား။ ဒီလုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ အဆင့်သို့မီအောင် မိမိတို့ကိုယ်ကိုမိမိတို့ တိုးမြှင့်ပေးရမလား၊ မြှင့်တင်မပေးဘူးလားဆိုတဲ့ မေးခွန်းရဲ့အဖြေကတော့ သံဃာတော်တို့ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါတယ်ဘုရား ´´
မင်းသုတ၏
`ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့်
ပြောကြားခဲ့သော မိန့်ခွန်းများ´ စာအုပ်မှ။
လှိုင် တိုး - မှ ပြန်လည် မျှဝေလိုက်ပါတယ်..။
No comments:
Post a Comment
သူငယ်ချင်း များအားလုံးကျေးဇူးပါ