ချစ်​တဲ့သူနဲ့ထာဝရ​ပျော်​ရွှင်​ပါ​စေ

Thursday, June 12, 2014

သတိရခြင်းကို ခံယူထိုက်​တဲ့ က​လေး တဲ့


လေရော မိုးပါ သည်းကြီး မည်းကြီး ရွာချနေသော ညတစ်ည... ၁၁နာရီခွဲအချိန် အာဖရိကန် ကပြား အမျိုးသမီးကြီး တစ်ယောက်ဟာ ကားမောင်း လာနေရင်း ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာမှာ ကားတာယာ ပေါက်သွားတဲ့အတွက် လမ်းဘေးမှာ သူမကားကို ထိုးရပ်လိုက်ရပါတယ်.. ထိုအချိန်မှာ လေနဲ့မိုးက သည်းသည်းမည်းမည်း ရွာသွန်းတိုက်ခတ် နေသော်လည်း ကားထဲထိုင်နေပါက သူမကို ဘယ်သူကမှ မတွေ့မှာ စိုးတဲ့အတွက် ကားပြင်ထွက်ပြီး အကူအညီပေးနိုင်မဲ့ ကားတစ်တစ်စီးစီးကို ရပ်ဖို့ လက်ပြ တားနေပါတယ်… အမေရိကန်မှာ ၁၉၆၀ခုနှစ်လို လူဖြူ လူမည်း လူတန်းစား ခွဲခြားမှု ပြင်းထန်နေသေးတဲ့အချိန် သူမလို လူမည်း ကပြား အမျိုးသမီး တစ်ယောက်ယောက်ကို လူဖြူတွေက ကားရပ်ပြီး ကူညီပေးဖို့ ဆိုတာ မျှော်လင့်ချက်တော့ နည်းလှပါတယ်…
သူမ မိုးရေထဲမှာ ရပ်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်.. ဖြတ်သွားသမျှ ကားတွေက သူမကို ကြည့်ယုံသာ ကြည့်သွားကြပြီး ဘယ်ကား တစ်စီး တစ်လေ ကမှ ရပ်မပေးကြပါဘူး.. ခနအကြာမှာ ကားတစ်စီး သူမဘေး လာရပ်ပါတယ်.. ကားထဲကနေ ခပ်ငယ်ငယ် လူဖြူကောင်လေး တစ်ယောက် ထွက်လာပြီး သူမကို ထီးမိုး ပေးရင်းက ဘာကူညီရမလဲလို့မေးပါတယ်.. သူမ အရမ်းကို ၀မ်းသာမိပါတယ်.. ချမ်းလဲ ချမ်း၊ လေလဲ တိုက် ၊ ညဉ့်လဲနက်နေတဲ့ ခုလိုချိန်မှာ ဒီကောင်လေးဟာ သူမအတွက်တော့ ကယ်တင်ရှင် တစ်ပါးသာ ဖြစ်ပါတယ်…
ကောင်လေးဟာ.. ၀ပ်ရှော့ကို ဖုန်းဆက်ပြီး သူမကားကို သွားယူပေးဖို့ ပြောပေးရှာပါတယ်.. ပြီးတော့ အမျိုးသမီးကြီးကို ကားနဲ့ တင်လာပြီး လမ်းမှာ နွေးနွေးထွေးထွေး ရှိဖို့ ကားကို အပူချိန်မြှင့်ပေးပါတယ်.. သူမ ရေစိုခေါင်းကို သုတ်ဖို့ တဘက်လေး တစ်ထည်ကိုလည်း ပေးပါတယ်.. ပြီးနောက် ကားကို တက္ကစီရှိရာကို မောင်းသွား ပေးပြီး သူမကို တက္ကစီ တစ်စီးပေါ် တင်ပေးပါတယ်.. အမျိုးသမီးဟာ ကောင်လေးရဲ့ နေရပ် လိပ်စာကို မေးပြီး သူမ မှတ်စုစာအုပ်လေးထဲ ချရေးလိုက်ကာ အလျှင်စလို အမူအရာဖြင့် တက္ကစီနဲ့ ထွက်ခွာ သွားပါတယ်..
ဒီအဖြစ်အပျက်အပြီး ၇ ရက်မြောက်တဲ့နေ့မှာ တစ်စုံတစ်ဦးက ကောင်လေးအိမ်တံခါးကို လာခေါက်ပါတယ်… တံခါးဖွင့်ကြည့်လိုက်တဲ့ အခါမှာ အံ့သြစရာတစ်ခုကို တွေ့လိုက်ရတာက အလွန်ကြီးမားလှသော တီဗီကြီး တစ်လုံးကို သူ့အိမ်အတွက် လာပို့ကြောင်း သိလိုက်ရပါတယ်.. တီဗီကြီးမှာ ချိတ်ထားတဲ့ ကဒ်ပြားတစ်ခုပေါ်မှာ ရေးထားတာက
“မိုးသည်းသည်း ညတစ်ညက ဟိုင်းဝေးလမ်း တစ်နေရာမှာ ရခဲ့တဲ့ အကူအညီအတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်… အဲဒီညက ရွာတဲ့မိုးဟာ အဒေါ်ရဲ့ အ၀တ်တွေတင်သာ ရွှဲရွှဲစိုတာ မဟုတ်ဘဲ အဒေါ်ရဲ့ စိတ်ဓာတ် တွေကိုပါ ရွှဲရွှဲစိုစေခဲ့တာပါ.. မိုးထဲလေထဲမှာ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ စိတ်ဓာတ်ကျ ၊ အားငယ်၊ ၀မ်းနည်း နေတဲ့ အချိန် မင်းက ရောက်လာခဲ့တာပါ… မင်းကူညီပေးလို့လဲ အဒေါ့်ယောက်ျားရဲ့ နောက်ဆုံး အချိန်လေးကို အချိန်မီ ရောက်သွားခဲ့တာပါ.. အဒေါ်ရောက်ပြီး မကြာခင်မှာ သူဟာ ဆုံးပါး သွားခဲ့ပါတယ်.. မင်းလို လူတန်းစား မခွဲခြားဘဲ ကူညီတတ်တဲ့ ကလေးဟာ လူတွေရဲ့ အမြဲတမ်း သတိရခြင်းကို ခံယူထိုက်တဲ့ အလင်းရောင်လေး တစ်ခုပါဘဲကွယ်.. ” တဲ့
-------------------------------------------------------------------------------------------------------------------
inspirationalblogs မှ Pickup in the Rain

အစိမ်းရောင်လွင်ပြင်

ဝေဖန်​အကြံပြုစာများ​ရေးသားလိုပါက cbox တွင်​လာ​ရောက်​​ရေးသားဖို့ဖိတ်​​ခေါ်ပါတယ်​ဗျာ





No comments:

Post a Comment

သူငယ်​ချင်း များအားလုံး​ကျေးဇူးပါ